အရေးတကြီး နိုးထစရာ မလိုဘူးဆိုရင်
ငါ ဆက်ပြီး အိပ်နေချင်လို့ပါ ...


“ဘဝ” ဆိုတာနဲ့ ဘာလို့ “ရှင်သန်ခြင်း ...” လို့
အဓိပ္ပါယ်ဖွင့်ဆိုရတာလဲ ?!
ငါကတော့ အိပ်နေရတာကိုပဲ ... ကြိုက်တယ်၊
             ရုပ်ရှင်ထဲက ဇာတ်လိုက်လောက်တော့
             ငါလည်း တောက်လျှောက်ကြီး မကောင်းနိုင်ဘူးပေါ့ ...
             သံပတ် ခပ်လျော့လျော့နဲ့ပဲ နေတတ်တယ်။



လေ့ကျင့်ခန်း မှန်မှန်လုပ်မှ
ပထမ ရမယ်ဆိုရင်
ငါ ရှင်ဘုရင်တောင် မဖြစ်ချင်ဘူး၊
             ကျေးဇူးပြုပြီး ငါ့ကို
             “စောက်ရူး ...” လို့ ခေါ်ပါ။


မမြင်ချင်တာတွေ အားလုံးအတွက်
မျက်စိသေးသေးလေးနှစ်လုံးကို ပိတ်ထားလိုက်ရုံပါပဲ
ဟော ... ငါ ဘယ်လောက် လိမ္မာတဲ့ကောင်လဲကွယ် ... ၊
             ဟောဒီ ... စောက်ရူးမှာ
             ယဉ်ကျေးမှု ထွန်းကားပါတယ်။


ငါ့ဆီ ဂုဏ်ပြုဖိတ်စာ ပို့ဖို့မလို
ငါ့လိပ်စာကို ငါမသိ
ငါ့ အုတ်ဂူမှာလည်း ဘာကဗ္ဗည်းမှ ထိုးပေးဖို့
             အကြောင်းမရှိပေဘူး။


အို ... မိတ်ဆွေတို့
နိုင်ငံကြီးသားအပေါင်းတို့ ...
             သွေးနဲ့ကိုယ် သားနဲ့ကိုယ်
             မှားယွင်းကြ၊
             ပက်လက်မျောဖို့အတွက်
တံတွေးခွက်ကြီးကြီး လိုက်ရှာကြ၊


ငါကတော့ ...
စောင်ထူထူကို ခေါင်းမြီးခြုံ
ကိုယ့် ကိုယ်ကျင့် ... ကိုယ်
စိတ်လုံလုံနဲ့ အိပ်တယ်။


နိုင်ငံကျော်တွေအားလုံးကို ... သနားတယ်၊
မင်းတို့ ငါ့လောက်
ဘယ်သူမှ အိပ်ရေးမဝခဲ့ကြပါဘူး ။