ဥသြဆွဲချင်ရုံ သက်သက်နဲ့တော့
ငါ့သံယောဇဉ်တွေ ခုတ်မောင်းထွက်ခဲ့တာ မဟုတ်ပေဘူး
အဲဒီ ... စောင့်ကြိုနေဖို့ စိတ်ကူးမရှိခဲ့တဲ့
ငါ့ရဲ့ ဘူတာရုံ ကလေးရေ ...
... လွမ်းတယ်၊
အရမ်းကြီး မဟုတ်ပေမယ့် ... တစ်ခါတစ်ခါ
ယောက်ျားတစ်ယောက်မှာလည်း
စိတ်အားငယ်ခွင့် ရှိတာပဲမဟုတ်လား၊
ပန်းသီးတွေ ခါးတဲ့ကာလက
ရှည်လျားလှချည်လားကွယ် ...
ပြောပါ ... မင်း ငါ့ကို ဘယ်တော့ အိပ်မက်မက်မှာလဲ?
မင်းပိုင်ဆိုင်တဲ့ အိပ်စက်ခြင်းရဲ့ တံစက်မြိတ်အောက်မှာ
ငါ ...
တိတ်တိတ်ကလေး ရပ်စောင့်နေတာ ကြာပြီလေ၊
ဣနြေ္ဒစိမ်းစိမ်းတွေ လိမ်းသုတ်
ချစ်ခြင်းတွေ ကုန်တင်ကုန်ချ လုပ်ခွင့်မပြုတဲ့
မင်းရဲ့ ဘူတာရုံကလေးဆီ ...
... လာမယ်၊
ဟောဒီကောင် ... ရင်ဘတ်တစ်ခြမ်းနဲ့
ကိုယ့်သံလမ်း ကိုယ်ဖောက်ခဲ့တာပါ ...
...
နောက်ကျသွားတယ်
အလွမ်းတွေ စိုက်ခင်းတစ်ခုလုံး ပွင့်တဲ့အချိန်မှာမှ
ငါဆိုတဲ့ကောင်က
တည့်တည့်ကြီး ရောက်ချသွားခဲ့တာပေါ့ကွယ် ... ။
In : မင်းခိုက်စိုးစံ