ကြာသာပတေးနေ့တစ်ခုရဲ့ အလေးချိန်
တရုတ်တွေ ကမ္ဘာမှာ ဈေးဝယ်ထွက်နေပြီ
အနီရောင်စာအုပ်လေးတွေ ဘယ်မှာ ပြန်အပ်လိုက်ကြလဲ
အလုံပိတ်သံဘူးထဲ ပလုံစီနေတာ ဘာတွေလဲ
အပြုံးတို့ရေ ပြန်လာပါ့  အားလုံးခွင့်လွှတ်တယ်
အိတ်ပိတ်စာတစ်စောင် တံခါးဘောင်အောက်
လျှောဝင်လာတယ် ဖွင့်မကြည့်ရသးတဲ့ ဂီတသစ်လား
လူသားစားတို့ရဲ့ ဆက်ဆံရေးနည်းသစ်လား
ပျောက်ဆုံးသွားတဲ့ ချစ်သူတွေ မြေပုံထဲမှာ မတွေ့တော့ဘူး
ရှေးဟောင်းပစ္စည်းဆိုင်ထဲက ရှေးဟောင်းပစည်းအစစ်တစ်ခု
ယုံကြည်သူအချင်းချင်း အငြင်းပွားစရာ အရဲစွန့်မှု
AK-47 တစ်လက် ကမ္ဘာကြီးလက်ထဲ ထိုးထည့်ပြီး
တီထွင်သူ ကာလတ်ရှ်နီကော့ဗ်လေ
ကမ္ဘာကြီး မူးယစ်ရီဝေနေဖို့ သူ့အမည်နဲ့
ဗော့ဒ်ကာတစ်လုံး ထွင်လိုက်ပြီ
တချို့လမ်းတွေမှာ အုံးအုံးဒိုင်းဒိုင်း
ကိုယ့်အိမ်ကိုယ်သန့်ရှင်းရေးလုပ်ဖို့ အထူးအခွင့်အရေး
မိမိမျက်နှာမိမိ မာမာကျောကျော ပြန်ကြည့်တတ်ဖို့
ဟေ့ဟေ့  ဟိုဘက်ခန်းက သိပ်မဆူနဲ့
နှစ်ငါးဆယ်နီးပါး စစ်အေးခေတ်က ကတုပ်ကျင်းငဲ့
ဂူနံရံမှာ ‘လွတ်လပ်မှုကို ရွေးချယ်တယ်’တဲ့ စွန်းထင်း
အောင်ပွဲအဆက်ဆက် နွှဲဖို့ကတော့
တခြားမတတ်နိုင်တဲ့ ကျွန်ုပ်တို့လုပ်ငန်းပဲ
ယုံကြည်မှုနဲ့ ပြောင်းပြန်အသက်မရှင်တတ်ရင်
ပြောင်းပြန်ယုံကြည်မှုနဲ့ အသက်ရှင်ကြရလိမ့်
ယဉ်ကျေးမှုတစ်ခုခု ရှိနေခဲုဖူးသလို လေဟာနယ်မှာ
လက်တွေ့အသုံးချမှု တန်ဖိုးမျက်ခြည်မပြတ်သင့်
ဆော့ကစားဖို့လည်း မမေ့နဲ့ဦး
နက်ဖြန်လည်း နေလုံးဟာ ချိန်ကိုက်ဗုံးလို ထွက်ဦးမှာပဲ
ကျွန်ုပ်တို့ရဲ့ မေတ္တာတရားအကြောင်း သိလိုလျှင်
အောက်ပါဝက်ဗ်ဆိုက်ကို လာလည်ပါ
ဟိုဘက်က တစ်ယောက်ယောက် သင့်ဘ၀တစ်ခုလုံးကို
တာဝန်ယူထားတယ်ဆိုတာ ယုံပါ
ခေါင်းတစ်ခြမ်းကိုက်ရင်း ရှင်သန်လှုပ်ရှားရတာဟာ
ပုံမှန်ကိစ္စပါပဲလေ
မမြင်ရတဲ့တန်ဖိုး
မမြင်ရတဲ့တန်ဖိုးတွေ။ ။
In : ဇေယျာလင်း