မနေ့ကမှ ကိုယ့်ကိုယ်ကို ငုံ့ကိုင်းကြည့်မိရဲ့
ကျွန်တော့်ရဲ့ ထွက်သက်ဝင်သက်ကလေးတောင်
အရပ်အတော်မြင့်ခဲ့ပြီ။
လမ်းထိပ်က သွေးနွေးသတ္တ၀ါတွေအတိုင်းပါပဲ
လောကဓံ ခွန်းကြီး၊ ခွန်းငယ်တွေကြားမှာ
ကျွန်တော်ဟာလည်း ၀ူးဝူးဝါးဝါးနဲ့
"လူ" အဖြစ် "ပွင့်" ခဲ့ရတာပါ။
တကယ်ဆို ကဗျာဟာ
အချစ်ဦးမသိအောင် ရေးရတဲ့ အရာပေါ့
ကံ့ကော်နဲ့ အဖူးရောအပွင့် ရော လွဲခဲ့ရသလိုမျိုး ဘာညာဘာညာ
အဲဒီလို မာယာအမှူကိုလည်း
ကိုယ်တိုင်ကိုယ်ကျ ပြုခဲ့ဖူးပြီ။
တစ်ခါတစ်ရံ လေပူတွေအဝေ့မှာတော့
လမ်းလျှောက်သူတို့ရဲ့ ဘာသာဘာဝ တုန်ခါယိမ်းသွေ့ဖူးတယ်
အဲဒါကလွဲရင် သူလိုကိုယ်လိုလောက်တောင်
ကျွန်တော်မကောက်ကွေ့ခဲ့ပါဘူး။
ကျွန်တော်နဲ့သိုးထိန်း တို့ ခုလိုမျိုးစကားစိမ်းဆိုကြ
သြော် တစ်ခုတော့ရှိတယ်
ကျွန်တော်မပါဘဲနဲ့လည်း ဧရာဝတီဟာ စီးမြဲစီးနေလိမ့်မယ်
အဲဒါကို ပြောဖို့ကျန်ခဲ့တယ်။ ။
In : တာရာမင်းဝေ