ဘယ်တော့မှပြန်မနီးနိုင်တော့တဲ့

အဲဒီ အဝေးလေးကိုပဲ

ဝေ့၀ဲရစ်ဝိုင်း ငေးမောနေမိခဲ့

ကြယ်ရောင်ကမှိန်လျှက်နဲ့ပဲ လင်းတယ်

သက်ထားရဲ့

မင်းရင်ဘတ်မှာ ညမရှိခဲ့လို့လား

ဒီလိုနဲ့

တစ်ရွက်ပြီးတစ်ရွက်

ငါတို့ နှစ်ယောက်ရဲ့  ကြားက ဟင်းလင်းပြင်တွေသာ

ပိုပိုထူပြောလာခဲ့

ကြာတော့

လေသလပ်ခံထားရတဲ့ နံနက်ခင်းတွေပဲ

ဖွင့်ဖွင့်ပြရတာနဲ့  ငါ့ကိုယ်ငါတောင်

ဖောက်မဖတ်ဖြစ်ခဲ့ ဘူး

ငါ့ရဲ့ အထင်ကရ သတို့သမီးလေးရေ…

ပုံပြင်အတုတွေဆိုးထားတဲ့ မင်းနှုတ်ခမ်းက

ငါ့ ဘယ်ဘက်ရင်အုံကို ခိုးသောက်သွားတယ်

မင်းမကြိုက်တဲ့ ပန်းနုရောင်တေးသွားတွေနဲ့မှ

ငါ့ကိုယ်ငါ တီးခတ်မိတော့ အလွမ်းတွေပဲ

သွေးထွက်သံယိုနဲ့ လွင့်ကျ

ဝေလီဝေလင်း ညတွေရဲ့   ရင်ကွဲရာတွေထဲမှာ

ဟောဒီ ကောင် တစ်သားတည်းကျနေပုံများ

ဖက်ဖူးရောင်တောင်ယာတစ်ခုလို ဆွေးလို

မင်းပါးပြင်ပေါ်က မှဲ့နက်လေးက

ဘယ်လိုရနံ့   နဲ့ပွင့်နေတာလဲ

ငါ့လက်ရေးစစ်စစ်နဲ့ ရင်ခုန်သံဝါကျတွေလည်း

ကမ္ဘာဦးကောင်းကင်က ခရေတွေနဲ့အတူ

အခုထိ သဒ္ဒါမမှန်ခဲ့ဘူး

ယုံပါ

ငါ့မျက်တောင်မွှေးအစွန်ဆုံးထိအောင်

မင်းကို မဝေးပေးရဲဘူး ဆိုတာ။     ။